စက္ကူမီးပုံးလေးလုပ်ကြရအောင်
နှစ်တနှစ်ရဲ့ ဆယ့်နှစ်လ လုံးမှာ သက်ဆိုင်ရာ ပွဲလမ်း သဘင်တွေနဲ့ စည်ကားမြဲ ဖြစ်တဲ့ မြန်မာနိုင်ငံဟာ အခုလည်း သီတင်းကျွတ် ကာလကို ရောက်ဖို့ နီးကပ် လာပါပြီ။ ဆယ့်နှစ်လ ရာသီမှာ တခု အပါအဝင် ဖြစ်တဲ့ သီတင်းကျွတ် ကာလမှာ မြန်မာတို့ရဲ့ ဓလေ့အတိုင်း မြတ်စွာ ဘုရားရှင်ကို ဆီမီးထွန်းညှိ ပူဇော်ကြ ပါတယ်။
သီတင်းကျွတ် လပြည့်နေ့မှာ မြတ်စွာ ဘုရားဟာ တာဝင်္တီသာ နတ်ပြည်မှာ ရှိတဲ့ မယ်တော် မိနတ်သားကို ဓမ္မစကြာ တရားဟောပြီး လူ့ပြည်ကို ပြန်ကြွရာမှာ လူတွေက ဆီမီးတွေနဲ့ ကြိုဆို ပူဇော် ကြတာပါ။
ခု နောက်ပိုင်းမှာတော့ ဖယောင်းတိုင်မီး အပြင် လျှပ်စစ် မီးသီးလေးတွေ၊ အလှ မီးပုံးလေးတွေနဲ့ ပိုပြီး ချစ်စရာ ကောင်းအောင် ပြုလုပ် လာကြပါပြီ။ ဒီဇိုင်းစုံ၊ အရောင်အသွေး စုံနဲ့ စက္ကူ မီးပုံးလေး တွေကို အရွယ် အစားစုံနဲ့ ချိတ်ဆွဲ ထားကြတာ ချစ်စရာ ကောင်းတဲ့ မြင်ကွင်းပါ။
မီးပုံးလေး တွေက ဆိုင်မှာ ဝယ်ယူလို့ ရတယ် ဆိုပေမယ့် ကိုယ့်လက်ဖြစ် မီးပုံးလေးတွေနဲ့ ထွန်းညှိ အလှဆင် ရတာကို သဘောကျတဲ့ လူငယ် တွေလည်း ရှိပါတယ်။
ဒီတပတ်အတွက် ပရိတ်သတ်ကို သီတင်းကျွတ် ပွဲတော် အတွက် ကိုယ်တိုင် လုပ်ထားတဲ့ မီးပုံးလေးတွေနဲ့ အလှဆင်နိုင်အောင်လို့ ချစ်စရာ ကောင်းတဲ့ စက္ကူ မီးပုံး ဝိုင်းဝိုင်းလေးတွေ ပြုလုပ်တဲ့ နည်းကို ဖော်ပြပေး သွားမှာပါ။
မီးပုံးခေါက်တဲ့ စက္ကူကို နီးစပ်ရာ စတိုးဆိုင်နဲ့ ကုန်တိုက်တွေမှာ ဝယ်ယူနိုင်ပါတယ်။ ဈေးလည်း သိပ်မများဘဲ ဝန်ထုပ် ဝန်ပိုးလည်း မဖြစ်တာကြောင့် Handmade ကို ကြိုက်နှစ်သက် သူတွေ အဆင်ပြေ စေမှာပါ။
မီးပုံးလေးတခုကို စက်ဝိုင်း ပုံစက္ကူလေးတွေ (၂၀) ဝိုင်း လိုအပ်ပါတယ်။ အလင်းရောင် အပြင်ကို လျှံထွက်စေဖို့ အလယ်မှာ အဝိုင်းပေါက်ကလေးတွေ ပါတဲ့ စက္ကူ ဖြစ်ရပါမယ်။ Stapler (ဒါမှမဟုတ်) စက္ကူ ကပ်တဲ့ကော်၊ မီးပုံး ချိတ်ဆွဲဖို့ ကြိုးကလေး တချောင်းနဲ့ အရောင်ပါတဲ့ မီးသီး အသေး တလုံးလည်း လိုအပ် ပါတယ်။
အဆင့် (၁) ။ ။ စက်ဝိုင်းပုံ စက္ကူကလေး တွေကို တြိဂံပုံ ဖြစ်အောင် ခေါက်ပါ။
အဆင့် (၂)။ ။ ခေါက်ပြီးတဲ့ တြိဂံပုံစက္ကူတွေကို ဖင်ပြန်ခေါင်းပြန် တွဲပြီး Stapler (သို့) ကော်နှင့် ကပ်ပါ။ (၉) ခုတွဲတခု၊ (၅) ခုတွဲတခု၊ (၄) ခုတွဲတခု ဖြစ်ပါ တယ်။
အဆင့် (၃)။ ။ (၉) ခုတွဲ တခုကို စက်ဝိုင်းပုံဖြစ်အောင် အစွန်းနှစ်ဖက်ကို တွဲလိုက်ပါ။
အဆင့် (၄)။ ။ အဲဒီနောက် နောက် (၉) ခုတွဲရဲ့ အောက်နားကို (၅) ခုတွဲအပေါ်နားနဲ့ တွဲကပ်ပါ။ အောက် ပိတ်နဲ့ အလယ်ပိုင်းကို ရရှိပါမယ်။ ပြီးရင် (၄) ခုတွဲကို အပေါ်က ဆက်ပါ။
အဲဒီအခါအပေါ်မှာ မီးလုံးထည့်ဖို့ အပေါက်ပါတဲ့ မီးပုံးကလေးကို ရရှိမှာဖြစ်ပါတယ်။ ဒါဆိုရင် မီးလုံး ထည့် သွင်းပြီး ကြိုးတပ်လို့ ချိတ်ဆွဲနိုင်ပါပြီ။ ကဲ ဒီနည်းနဲ့ ရောင်စုံမီးပုံးလေးတွေ ကိုယ်တိုင် လုပ်ကြည့် ကြရအောင်လား။
ထက်ဦးဝေ
***************************
ဒီတစ်ခါတော့သီတင်းကျွတ်လည်းနီးပြီဆိုတော့မီးပုံးပြုလုပ်နည်းဝေမျှလိုက်ပါတယ်။မီးပုံးပြုလုပ်ရန်ရောင်စုံစာရွက်များ၊ကတ်ကြေး၊ကော်ဘူး၊ခဲတံ၊ပေတံလိုအပ်ပါတယ်။ပြုလုပ်ရမည့်အဆင့်တွေကအရွယ်တူစက်ဝိုင်းပုံစံ23ခုဖြတ်ရမယ်။အလယ်မှခေါက်မယ်။ပြီးတော့အခြားစာရွက်တစ်ခုကိုတိုင်းတာ၍ဖြတ်ပြီး၊ခဲတံပေတံသုံးကာလိုအပ်တဲ့အမှတ်များမှတ်ကာ၊ရောင်စုံစက္ကူခေါက်တွေကိုညီညာစွာကော်ကပ်ရမှာပါ။
ပထမဆုံးအရွယ်တူအရောင်စုံစက်ဝိုင်းများဖြတ်လိုက်တယ်။ပြီးတော့အလယ်မှတစ်ဝက်ခေါက်ချိုးထားလိုက်ပါတယ်။
ဒီအဆင့်မှာစာရွက်တစ်ရွက်ကိုဖြတ်ပါ့မယ်။စာရွက်ရဲ့အလျားကို25cmယူပြီး၊အနံကို12.5cmယူလိုက်ပါတယ်။ပြီးနောက်အလျားရဲ့အနားတစ်ဘက်စီကို2cmတိုင်း၍မျဉ်းနှစ်ကြောင်းဆွဲလိုက်ပါတယ်။အလယ်ကော်လံမှာတော့1cmစီခြား၍မျဉ်းကြောင်းများဆွဲလိုက်ပါတယ်။အလျားတစ်ဘက်စီမှာအခြားစာရွက်အပိုင်းများဖြင့်အနားကွပ်လိုက်ပါတယ်။အလယ်မျဉ်းကြောင်းတွေပေါ်မှာခုနကပြုလုပ်ထားတဲ့စက္ကူခေါက်တွေကိုညီညာခိုင်ခံ့စွာကော်ကပ်လိုက်ပါတယ်။ထို့နောက်ပုံပါအတိုင်းအနားနှစ်ဘက်ကိုကော်ကပ်၍ဆက်လိုက်ပါတယ်။
ဒီပုံမှာတော့ဖုန်းflashမီးနှင့်ထွန်းကြည့်ထားတာပါ။
Comments
Post a Comment