တာရှည်ခံဆေး(Preservative) သုံးစွဲပုံ


တာရှည်ခံဆေး(Preservative) သုံးစွဲပုံ
ဟာ့ ဦးကျော်ရယ် သူများတွေက တာရှည်ခံဆေးကင်းလွှတ်ရေး လုပ်နေပါတယ်ဆို ဦးကျော်က တာရှည်ခံဆေးသုံးစွဲပုံအကြောင်းလာရှင်းပြနေတာ။ဒါနိုင်ငံတော်ကိုပုန်ကန်တာလားဆိုရင်တော့ မဟုတ်ရပါဘူးဗျာ။ ကျွန်တော်တို့နိုင်ငံရဲ့ ထုတ်လုပ်ရေးလုပ်ငန်းစဉ်အကြောင်းကျွန်တော်ကောင်းကောင်းသိတာပေါ့။ တော်ရုံ တာရှည်ခံဆေးမထည့်သွင်းပဲ တာရှည်ခံအောင်လုပ်နိုင်ဖို့ နည်းစနစ် ပညာရပ်သိသူအများကြီးမရှိသေးပါဘူး။ ရှိဦးတော့ လိုက်လုပ်ဖို့ကို စွမ်းဆောင်နိုင်တဲ့ ထုတ်လုပ်ရေးတွေအများကြီးလိုနေသေးတယ်။ ဒါကြောင့် ထုတ်လုပ်သူတိုင်း အတန်းစားမရွေးသုံးနိုင်တဲ့ သည်တာရှည်ခံဆေးကို ပရမ်းပတာသုံးစွဲနေမဲ့အစား အကြောင်းအကျိုးသိသိနဲ့ အကောင်းအဆိုးကိုညှိပြီးသုံးစွဲတက်မယ်ဆို စားသုံးသူ ထုတ်လုပ်သူတွေအနေနဲ့ သူလဲရွှင်ပြုံး ငါလဲချမ်းသာဖြစ်တော့မပေါ့။ ဒါကြောင့်လိုက်လုပ်နိုင်ဖို့ ခဲယဉ်းမဲ့အကြောင်းအရာတွေကိုမပြောဘူး step by step တစ်ဆင့်ချင်းတစ်ဆင့် အသိပေးမယ်။ လမ်းညွှန်မယ်။(ဒါပဲကိုယ်လုပ်နိုင်တာကိုး)
ယခုချိန်မှာ စားသုံးသူ သုံးစွဲသူအပေါင်းက အစားသောက်နဲ့ ပတ်သတ်ပြီး အသိရှိလာပြီလို့ယူဆရတဲ့အချိန်ရောက်လာပါပြီ။ ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေမဲ့ အန္တရာယ်ရှိဓာတုဆေးဝါးတွေကို ရှောင်ကျဉ်ဖို့ အသိရှိလာပါပြီ။ ဒါပေမဲ့ အုတ်ရောရောကျောက်ရောရောမဖြစ်အောင် တော့အသိတစ်ခုပေးချင်ပါတယ်။ တာရှည်ခံဆေး တချို့က မှိုခံဆေးဆိုပြီးခေါ်ကြတယ်။ သည်ဟာတွေကိုသုံးစွဲတဲ့နေရာမှာ ကန့်သတ်ချက်နဲ့ ထည့်ဝင်ရမဲ့ ပမာဏဆိုတာ သတ်မှတ်ပေးပြီးသားရှိတယ်။ သတ်မှတ်ထားတဲ့ ပမာဏအတိုင်းသုံးစွဲမယ်ဆိုလျှင် စိုးရိမ်စရာမရှိဘူး ခန္ဓာကိုယ်ကလဲကောင်းကောင်းချေဖျက်နိုင်တယ်။ ကျွန်တော်ကိုအချို့က လာမေးတယ်။ ပိုသုံးလို့မရဘူးလားရှင့် မရဘူးလားဗျ ဆိုရင်တော့ ပိုသုံးမိရင်တော့ ထုတ်ကုန်တော့ မှိုတက်မတက် ပျက်စီးမစီးမသိဘူး လူကတော့ သေရင်တောင်မပုပ်တော့ဘူးရယ်လို့ အရွှန်းဖောက်ပြီးပြန်နောက်ဖြစ်တယ်။ ဘယ်တာရှည်ခံဆေးမဆို သုံးစွဲရမဲ့ပမာဏထက်ပိုသုံးလို့ကိုမရဘူး။ ဒါအရေးကြီးဆုံးပဲ။ ဘယ်လောက်အတိုင်းတာပဲပိုသုံးစွဲသုံးစွဲ သူက ၃ရက်လောက်ပိုတာရှည်ခံအောင် လုပ်နိုင်တယ်ဆို ၂ ဆ သုံးလဲ ဒီရက်ပဲ ၃ ဆသုံးလဲ ဒီရက်ပဲ အဲ့ထက်ပိုမရဘူး။ အဲ့တာကဘာရဲ့သဘောလဲဆိုတော့ ဓာတုဂုဏ်သတ္တိကြောင့်ပ။ဲ ဥပမာ သောက်ရေသန့်တစ်မျိုးမှာ pH 7ရှိတယ်ဆိုကြပါစို့။ ရေ ၁ ကီလိုထည့်လဲ pH က 7ပဲ ၁၀ကီလိုထည့်ပြီးစမ်းသပ်လဲ pH က 7ပဲ ဓာတ်သဘောဆိုင်ရာပြောင်းလဲချက်ဘာမှမရှိဘူး။ 
ရေးပြနေတာနဲ့ တာရှည်ခံဆေး ဘယ်လိုသုံးစွဲရမလဲကိုမရောက်တော့ဘူးလားဆိုတော့။ဒီဟာတွေက တာရှည်ခံဆေးအကြောင်းမသိခင်မှာ ကြိုတင်ပြီးသိရမဲ့ အကြမ်းဖျင်းအချက်လက်တွေမို့ လက်ညောင်းခံရေးသားခြင်းဖြစ်ပါတယ်။
တာရှည်ခံဆေးမှာ အမျိုးစားပေါင်းမြောက်မြားစွာရှိပါတယ်။ ဟိုးရှေးယခင်ကတော့ တာရှည်ခံစေဖို့ဆိုရင် ကျပ်တိုက်ခြင်း အခြောက်လှမ်းခြင်း ဆားနဲ့မံခြင်း အုပ်ခြင်း အစရှိသဖြင့်လုပ်ကြတယ်။ နောက်ပိုင်းအေးခဲဒေသတွေမှာလဲ အစားသောက်အလွယ်တကူမပျက်စီးတော့အအေးခံရင်လဲ အစားသောက်ပျက်စီးမှုကိုထိန်းသိမ်းနိုင်တယ်လို့သိလာကြတယ်။ ဒါပေမဲ့ နေလှန်း ကြပ်တိုက် ဆားအုံတာတွေက ထုတ်ကုန်ရဲ့ အရည်သွေးပိုင်း နူးညံ့မှု နဲ့ သွင်ပြင်လက္ခဏာတွေကို ယုတ်လျော့စေတယ်။ အအေးခန်းနဲ့ထည့်မယ်ဆိုရင်လဲ ကုန်ကျစရိတ် မြင့်မားတယ်။ဒီအခါ ကုန်ကျစရိတ်သက်သာပြီး တာရှည်ခံစေမဲ့ တာရှည်ခံဆေးတွေနဲ့ထုတ်လာကြတယ်။
အခုလက်ရှိဈေးကွက်ထဲမှာအသုံးများတဲ့ တာရှည်ခံဆေးတွေက 
Potassium/sodium Sorbate
Sodium acetate
Sodium benzoate
Sodium Dehydroacetate
Calcium/Sodium Propionate
Paraben
နောက်မြန်မှာတော့ တရုတ်နာမည်နဲ့လာတဲ့ Waiyei တို့ နောက်ကျွန်တော်မဖတ်တတ်တဲ့တရုတ်စာတွေနဲ့ တာရှည်ခံဆေးတွေရှိပါသေးတယ်။ သည်နေရာလေးမှာ တစ်ခုသတိပေးမှာချင်တာက ကိုယ်မဖတ်တတ်တဲ့ အကြောင်းရာတွေ တာရှည်ခံဆေးရဲ့ အကြောင်းအရာတွေကိုမသိပဲ ထုတ်ကုန်ရဲ့ ရည်ညွှန်းအချက်လက်တွေကိုမသိပဲ မသုံးစွဲသင့်ပါဘူး။ ဟိုလူကညွှန်လို့သည်လူကညွှန်လို့ထက် ကိုယ်ကိုယ်တိုင်သိတဲ့တတ်တဲ့လူဆီမှာ သို့မဟုတ် စာအုပ်တွေ FDA facebbok page တွေ နောက် Channel 7မှာလဲ ပညာပေးအစီစဉ်တွေကိုကြည့်ရှူပြီး ထည့်သွင်းပါ သုံးစွဲပါ။ ကိုယ့်ထုတ်ကုန်ထဲထည့်တဲ့ကုန်ကြမ်းအန္တရာယ်ကင်းလားမကင်းလားမသိပဲသုံးစွဲလျှင် မြွေပွေးကိုခါးပိုက် ပိုက်ထားတာပါပဲ။
ဟုတ်ပြီ ကျွန်တော်တို့ထုတ်ကုန်တစ်ခုထုတ်တော့မယ်ဆိုရင် ဘယ်တာရှည်ခံဆေးက ကိုယ့်ထုတ်ကုန်အတွက်သင့်တော်မလဲဆိုတာ ဘယ်လိုစဉ်းစားမလဲ ?
ဘယ်တာရှည်ခံဆေးက သုံးရင်ပိုထိရောက်မလဲ ?
ဘယ်တာရှည်ခံဆေးမျိုးသုံးစွဲရမလဲ ? ဒါတွေသိဖို့အထူးလိုအပ်လာပြီ။ ဒါတွေသိဖို့ဆိုရင် 
No 1 ကိုယ့်ထုတ်ကုန်ကဘာလဲ ဆိုတာအရင်သိရမယ်။
No 2 ထုတ်ကုန်အရည်သွေးစစ်တဲ့နေရာမှာပါဝင်တဲ့ pH(power of Hydrogen) Hydrogen ပြင်းအား အမှတ်စဉ်လေးတွေသိဖို့လိုအပ်လာပြီ။ ကျွန်တော်တို့ အခြေခံအနေနဲ့ သင်ခဲ့ကြရတယ်။ pH 7 ဆို သောက်သုံးရေ 7အောက်ဆို acid အခြေနေ 7အထက်ဆို alkali အခြေအနေဆိုပြီးတော့။ ဒီဂဏန်းအမှတ်စဉ်လေးတွေက အလကားထားထားတာမဟုတ်ရပါဘူး။ ဒီစမ်းသပ်ချက်ကလေးတွေက ဘာကိုစွမ်းဆောင်ပေးစေနိုင်လဲဆိုတော့ ကိုယ့် ထုတ်ကုန်ကို ဘာတာရှည်ခံဆေးသုံးစွဲရင် အကျိုးအာနိသင်ပိုထူးမလဲဆိုတာကိုသိနိုင်တယ်။
တာရှည်ခံဆေးဘယ်လိုသုံးစွဲမလဲ ?
မိမိထုတ်ကုန်ကို တာရှည်ခံဆေးမထည့်ခင်မှာ pH တိုင်းတာကြည့်ပါ။ pH ဘယ်လိုတိုင်းရမလဲဆိုရင် pH တိုင်းတာတဲ့ ကိရိယာလေးဝယ်ပါ။ ကုန်ကြမ်းပစ္စည်းရောင်းတဲ့ဆိုင်တွေမှာမေးမြန်းဝယ်ယူနိုင်ပါတယ်။ ၁၆၀၀၀၀ကျပ်လောက်ဆိုကောင်ကောင်းရပါတယ်။ ပြီးရင် Distilled water လို့ခေါ်တဲ ပေါင်းခံရည် 90gram နဲ့ စမ်းချင်တဲ့မုန့် 10gram ကို ပျော်ဝင်အောင်ဖျော်ပါ။ ပြီးတာနဲ့ခုနက pH တိုင်းတာစက်ကလေးရဲ့ထိပ်မှာ ဖန်သီးလေးပါပါတယ်။ အဲ့သည့်ဖန်သီးလေးမြုပ်အောင် နစ်ထားလိုက်ပါ။ ၁မိနစ်လောက်ကြာရင် အဖြေတစ်ခုရလာပါလိမ့်မယ်။(ဥပမာ 4.2 / 5.6 / 6.7 အစရှိသဖြင့်ပေါ့လေ) အဖြေရပြီဆို နောက်တစ်ဆင့်အနေနဲ့ ဘာတာရှည်ခံဆေးသုံးမလဲ ဒါစဉ်းစားရတော့မယ်။ ကျွန်တော့်ရဲ့ #လုပ်ငန်းခွင်သုံးစားသောက်ကုန်ဆိုင်ရာကုန်ကြမ်းများနှင့်ဓာတုဆေးများ ဆိုတဲ့စာအုပ်ထဲမှာလဲ စာမျက်နှာ ၁၈၉ မှာ ပါပြီးသားပါ။စာအုပ်လက်ဝယ်ရှိထားသူတွေလည်းအသေအခြာ ဖတ်ကြည့်ကြပါ။
pH 2.4 နဲ့ 4.0ကြားမှာဆိုရင် Sodium benzoate ကိုသုံး
pH 6 နဲ့အထက်ဆို Calcium Propionate ကိုသုံး
pH 6.5နဲ့အထက်ဆိုရင် Potassium Sorbateကိုသုံး အစရှိသဖြင့်သုံးနိုင်တယ်။
သည်တော့ Sodium Benzoate အကြောင်းလေးက စပြောမယ်။ သည် Sodium Benzoate က အချဉ်ပေါက်စေသောတစေးကောင်တွေကိုသတ်နိုင်တယ်။ ပိုးမွှားကို တားဆီးစေတယ်။ တော်တော်များများအနေနဲ့ အချိုရည် တို့ဘာတို့မှာသုံးစွဲတယ်။ မုန့်တွေမှာမသုံးစွဲဘူး ဘာလို့လဲဆိုတော့ မုန့်တွေဟာ pH ပမာဏမြင့်မားတယ် ။ ဘာကြောင့်လဲ မုန့်တွေထဲမှာ ကြက်ဥ ပါတယ်။ နို့ပါတယ်။ နို့တို့ကြက်ဥတို့ ကို ပြုပြင်ထားခြင်းမရှိလျှင် pH ပမာဏကမြင့်တယ်။ ဒါကြောင့် မုန့်တွေမှာမသုံးဘူး။ သုံးလဲ ပိုက်ဆံကုန်တာနဲ့ အများကြီးထည့်တာပဲအဖတ်တင်မယ်။ လိုချင်တဲ့ရလာဒ်ရလာမှာမဟုတ်ဘူး။ ဒီတော့ ကိုယ် ရည်မှန်းထားတဲ့အတိုင်းဖြစ်ဖို့ကိုက်ညီတဲ့ တာရှည်ခံဆေးသုံးမှရမယ်။ သည်နေရာမှာ ဓာတုဗေဒ ဓာတ်ပြုခြင်းတွေ ဘာတစ်ခုမှကျွန်တော်မပြောသွားဘူး ဘာကြောင့်လဲဆိုတော့ Sodium benzoate သုံးတယ်။ process မှာ sodium လို့ခေါ်သော ဆားထွက်ပြီး Benzoic acid လို့ခေါ်သော ဘာညာဘာညာ ထည့်မရေးတာ ရှုပ်ထွေးသွားမှာစိုးလို့။
နောက်တစ်ခု Calcium propionate အတိုကောက် C.P လို့ခေါ်ရအောင်။ သည်ကောင်ကို ပေါင်မုန့်မှာအများဆုံးသုံးတယ်။ ပေါင်မုန့်လုပ်ရင် အချဉ်ဖောက်တစေးသုံးရတယ်။ ဒီကောင်က တစေးကို မသေစေနိုင်ဘူး။ သတ်မှတ်ထားတဲ့ပမာဏ ထက်ကျော်ရင်သေစေနိုင်တယ်။ သေတော့ဘာဖြစ်သလဲ……? သေတော့ ပေါင်မုန့်ပွမလာတော့ဘူးပေါ့။ ဒါကြောင့်သတ်မှတ်ပမာဏတိုင်းသာသုံးပါ။ 
သည် C.P က pH ပမာဏ 6 နဲ့အထက် ဆိုရင် ကောင်းကောင်းအစွမ်းပြတယ်။ပေါင်မုန့်မှာ အများအားဖြင့် pH 6 -7 ဒီကြားထဲပဲသွားတယ်။ ဘာလို့လဲဆိုတော့ ပေါင်မုန့်ထဲမှာထည့်တဲ့ yeast သည်ကောင်က CO2 လို့ခေါ်တဲ့ carbon dioxide အပြင် alcohol , acid , heat , flavor ဒါတွေကိုထုတ်ပေးစေတယ်။အဲ့မှာ acid သည် အချဉ်ဓာတ်ကိုဖြစ်စေတာကြောင့် pH ကိုအဲ့ဝန်းကျင်ဖြစ်စေတယ်။ ဒါကြောင့် ပေါင်မုန့်စားရင် ခံတွင်းလေး ချဉ်တာမျိုးဖြစ်စေတယ်။ ဒါ yeast က စွမ်းဆောင်ပေးတာ။ အကယ်၍အချဉ်ဖောက်သားနဲ့တွဲသုံးပေးရင်ပိုတာရှည်ခံတယ်။ တချို့က အလျဉ်လို့လဲခေါ်တယ်။ ပေါင်မုန့်မှာ Potassium sorbate ထည့်လို့မရဘူးလား မေးစရာရှိတယ်။ ထည့်ချင်ထည့်ပေါ့။ ကိုယ့်ပေါင်မုန့် pHက 6 Potassium sorbate (PS)က 6.5 မှ လုပ်ဆောင်ချက်ကောင်းတော့ မြွေပါလဲဆုံး သားလဲဆုံးပေါ့။ သည်တော့ PS ကိုထည့်ချင်ရင် ဘယ်ထုတ်ကုန်မှာထည့်မလဲ pH ပမာဏ 6.5နဲ့အထက်ရှိတဲ့ ထုတ်ကုန် cake အမျိုးစားတွေမှာထည့်ပါ။ ကိတ်တွေက ကြက်ဥ နွားနို့ နို့မှုန့်တွေပါတော့ pH မြင့်တတ်ပါတယ်။ 
ကျွန်တော်သည်လောက်ရေးပြနေတယ်ဆိုရင်တော့ ကိုယ်ထုတ်တဲ့ထုတ်ကုန်မှာ မတူညီတဲ့ဂုဏ်သတ္တိတွေ ရှိသည်ဆိုသောကြောင့် မတူညီတဲ့ဂုဏ်သတ္တိမှာအစွမ်းပြမဲ့ မတူညီသော တာရှည်ခံဆေးအမျိုးစားတွေကိုသုံးစွဲဖို့လိုမယ်ဆိုတာကိုကောင်းကောင်းသတိပြုမိမှာပါ။ ကိုယ့်ထုတ်ကုန်မှာ လာပြသွားတဲ့သူတွေကတော့လာပြသွားတာပဲ တာရှည်ခံဆေးထည့်သွားတာပဲ ဘာကြောင့် သည်ထုတ်ကုန်မှာ သည်တာရှည်ခံဆေးထည့်သွားတာလဲဆိုတာကို အခုလောက်ဆိုသဘောပေါက်နိုင်ပြီလို့ထင်ပါတယ်။ 
စာလည်းတော်တော်ရှည်သွားပြီ သိပ်မကြာခင်မှာ ကျန်သော အကြောင်းရာများ ထပ်ဆက်ပါဦးမည်။ 
ဆက်တော့ရေးချင်တယ်။စာဖတ်မှရေးရကျိုးနပ်တယ်လို့ထင်သောကြောင့် စောင့်ကြည့်ပါဦးမယ်။ 
မိတ်ဆွေများအောင်မြင်သည်ကိုမြင်ချင်သော ကျွန်တော်။
လေးစားလျက်
02.06.2018
Kyawmin Htike
မင်းထိုက် (IC.FOOD TECHNOLOGY)

Comments

Popular posts from this blog

စက္ကူမီးပုံး​လေး​လုပ်​ကြရ​အောင်

ဆိုင်ကယ်အင်ဂျင် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်ရခြင်းအကြောင်း